Saturday, January 21, 2017

ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေရှိတာ သိလိုသူများအတွက်

ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေရှိတာ အားလုံးသိကြမှာပါ။ ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့အကြောင်းကိုတော့ သိသူရှိသလို မသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော်ဘုရားလက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူလတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြင်္သေ့ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-

“ဂေါတမမြတ်စွာဘုရားအလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင်လက်ထက်မှာ ကေသရာဇာခြင်္သေ့မင်းဖြစ်ခဲ့သည်။ တစ်နေ့သောအခါ အလောင်းတော်ခြင်္သေ့မင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကို ဖူးတွေ့လိုက်ရသည်။ ခြင်္သေ့မင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် ခုနစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။

ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူသည့်အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဝပ်တွားဆည်းကပ်နေသော ခြင်္သေ့မင်းအား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်။

ထိုသို့ ဘုရားအလောင်း ခြင်္သေ့မင်းကို အကြောင်းပြု၍ နှောင်းခေတ်လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသောအခါ အလောင်းတော်ခြင်္သေ့မင်းအား အတုယူပြီး ဘုရားရှင်အား စူးစူးနစ်နစ် ယုံကြည်စွာ ကြည်ညိုသဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြင်္သေ့ရုပ်များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်းဖွဲ့ဆိုပါတယ်။

မဇ္စိုမဒေသ အာသောကမင်းကြီးကတော့ သူတည်ခဲ့တဲ့ ဘုရားစေတီအဆောက်အအုံတွေမှာ ခြင်္သေ့ရုပ်တစ်မျိုးတင်မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုးကိုပါ ထားပါတယ်။ မည်သည့်အန္တရာယ်ကိုမှ မကြောက်ရွံတတ်သည့် အာဇာနည် ၄ မျိုးမှာ ခြင်္သေ့ ၊ ဆင် ၊ သိန္ဓောမြင်း နှင့် နွားလားဥသဘာ တို့ဖြစ်ပါတယ်။ ထိုအရုပ်လေးမျိုးကို အာသောကမင်းကြီး၏ ကောင်းမူတော်များတွင် ဘုရားဘက်သို့မလှည့်ပဲ ဝင်လာသူများဘက်သို့လှည့်၍ ထားကြောင်းသိရပါတယ်။

Ref;
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သောဖြစ်ရပ်များ – နန္ဒာမိုးကြယ်
ဘာသာရေး ပြသနာများ – ဘဒ္ဒန္တ တိလောကသာရ
Creadit-Ayesay

No comments:

Post a Comment