Saturday, February 18, 2017

လူပုဂ္ဂိုလ်များ သပိတ်ဖြင့် စားသင့် မစားသင့်"

"လူပုဂ္ဂိုလ်များ သပိတ်ဖြင့် စားသင့် မစားသင့်"
==ဦးနန္ဒာစာရ (မုံရွာ)==
■■■■■■■■■■■■■■■■■■■■■■■■■■■

မေး။ အရှင်ဘုရား ရဟန်း သံဃာတော်များ ဆွမ်းဘုဉ်းပေးသည့် သပိတ်ဖြင့် လူပုဂ္ဂိုလ်များ ထမင်းထည့်စားကောင်းပါသလား ဘုရား။

ဖြေ။ မစားကောင်းပါ။
သပိတ် သင်္ကန်းစသော ရဟန်းတို့အသုံးပြုအပ်သော အသုံးအဆောင် ပရိဘောဂများသည် လူပုဂ္ဂိုလ်အတွက် ရိုသေမြတ်နိုး ရှိခိုးပူဇော်ရာ စေတီထိုက်သောကြောင့် စားခွက်အဖြစ်ဖြင့် အသုံးမပြုကောင်းပါ။

ပဗ္ဗဇိတ ပရိဘောဂေါ ဟိ အဂါရိကာနံ စေတိယဋ္ဌာနိယော (၀ိနယသင်္ဂဟ၊ဋ္ဌ၊၁၃)

ထို့အတူ သင်္ကန်းကိုလည်း လက်နှီးစုပ်အဖြစ်ဖြင့်သော်လည်းကောင်း၊ ခြေသုပ်အဖြစ်ဖြင့်သော်လည်းကောင်း အသုံးမပြုကောင်းပေ။

ပန္ထေ ဒိသွာန ကာသာဝံ၊ ဆဋ္ဋိတံ မီဠှမက္ခိတံ။
သိရသ္မိံ အဉ္ဇလိံကတွာ၊ ၀န္ဒိတဗ္ဗံ ဣသိဒ္ဓဇံ။
အဗ္ဘတီတာစ ယေ ဗုဒ္ဓါ၊ ပစ္စုပ္ပန္နာ စ နာဂတာ၊
ဓဇေနာနေန သုဇ္ဈန္တိ၊ တသ္မာ ဧတံ နမဿိယံ။ (အပ၊၁၊၅၂၊ ထေရ၊ဋ္ဌ၊၁၊၄၇၄)

လမ်းပေါ်မှာ မစင်လူးလျက်လွှင့်ပစ်ထားသော သင်္ကန်းကိုတွေ့မြင်သည်ရှိသော် ဦးခေါင်းထိပ်ပေါ်တင်လျက် အထွဋ်အမြတ်ထားကာ ရှိခိုးပူဇော်ထားထိုက်ပေ၏။

ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံသော ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဤသင်္ကန်းကို အမှီပြု၍ ကိလေသာကင်းစင်တော်မူကြလေကုန်၏၊

ဤသင်္ကန်းသည် ရဟန္တာတို့၏ အောင်လံ တံခွန်ပင်ဖြစ်၏ဟုနှလုံးသွင်းကာ ရှိခိုးပူဇော်ထိုက်ပေ၏-အထူး ရိုသေ လေးစားထိုက်၏။

အချို့ ဘုန်းကြီးကျောင်းများ၌ ကျောင်းဝင် အ၀ ခြေသုပ်ခုံနေရာတွင် ခြေသုပ်အဖြစ် သင်္ကန်းစုပ်များ ထားရှိတတ်ကြသည်။ ကျောင်းထဲသို့ ရဟန်းသံဃာတင်မက လူ ဒကာ ဒကာမများလည်း မကြာခဏ ၀င် ထွက် သွားလာတတ်သောကြောင့် သင်္ကန်းစုပ်များကို အပေါက်ဝတွင် ခြေသုပ်အဖြစ် မထားသင့်ပေ။

ထို့အတူ မီးဖိုချောင်မှာလည်း သင်္ကန်းစုပ်များ ထားရှိတတ်ကြ၏၊ ရဟန်းတော်များချည်း အသုံးပြုပါက ကိစ္စမရှိသော်လည်း ချက်ပြုတ်သော ဒကာ ဒကာမများအနေနဲ့ လက်နှီးစုပ် အဖြစ် အသုံးပြုပါက အပြစ်ကြီးလှပေသည်။

အချို့သော ဒကာ ဒကာမတို့သည် ဟယ် သင်္ကန်းစုပ်ကြီး ငရဲကြီးလိမ့်မယ်ဟုဆိုကာ အသုံးပြုရမှာ တွန့်ဆုတ်သွားသော်လည်း အခြားလက်ခုမရှိသဖြင့် သင်္ကန်းစုပ်ကိုပင် လက်ခုလုပ်လိုက်ရပေသည်။

တချို့သော သူတို့ကား သင်္ကန်းစုပ်မှန်းသိသော်လည်း အရေးမစိုက် လက်နှီးစုပ်အဖြစ် မကြောက် မရွံ့လက်ရဲ ဇက်ရဲ အသုံးပြုတတ်ကြလေ၏။

သင်္ကန်းစုပ်ကို ငရဲကြီးသည်ဟူသောအသိစိတ်ဖြင့် မလွှဲသာလို့ အသုံးပြုလိုက်ရသူနှင့် သင်္ကန်းစုပ်ကို သင်္ကန်းပဲဟုထည့်တွက်မနေပဲ အရေးစိုက်မနေပဲ လက်ရဲ ဇက်ရဲ အသုံးပြုကြသော သူနှစ်ယောက်တို့ ပူလောင်ခံရမူခြင်း တူမည်မဟုတ်ပေ။

အကုသိုလ်ကို အကုသိုလ်မှန်းသိ၍ မလွှဲသာ၍ ပြုလိုက်ရသူနှင့် အကုသိုလ်ကို အကုသိုလ်မှန်းမသိသဖြင့် ရဲရဲတင်းတင်းပြုလုပ်သူတို့ အကျိုးပေးကား မတူပေ။

ဥပမာ မီးခဲကို မီးခဲမှန်းသိလျက် မလွှဲသာ၍ကိုင်ရသောလူကြီးတစ်ယောက်သည် အမြန်ကိုင်၍ အမြန်လွှင့်ပစ်မည်ဖြစ်သဖြင့် ပူလောင်မှု သိပ်မများလှပေ။

မီးခဲကို မီးခဲမှန်းမသိသေးသော သုံးနှစ်သားအရွက် ကလေးငယ်သည် ၀င်းဝင်းလေးပဲလှလိုက်တာဟူသောအတွေးဖြင့် မီးခဲကို မီးခဲမှန်းမသိကောက်ကိုင်လိုက်ရာ ပူသော်လည်း ချက်ချင်းလွှင့်ပစ်ရကောင်းမှန်းမသိ မြဲမြဲဆုပ်ကိုင်ထားတတ်သောကြောင့် ပို၍ ပူလောင်ခံရတတ်လေသည်။

ထို့ကြောင့် သိပိတ်ကို ခွက်တစ်အခုအဖြစ်အသုံးပြုသောသူများနှင့် သင်္ကန်းကို ခြေသုပ်၊ လက်နှီးစုပ်အဖြစ် အသုံးပြုလေ့ရှိသောသူများ အထူးသတိထား ရှောင်ကြဉ်တတ်ကြစေရန် အသိပေး ရေးသားလိုက်ရပေသည်။

ဦးနန္ဒာစာရ (မုံရွာ)

☆မဘသ(ဗဟို)Online Media☆

No comments:

Post a Comment