Wednesday, September 11, 2013

မော်လူး သတင်း ၃





မော်လူးဒေသ တိုက်နယ်ဆေးရုံသို့ E.C.G စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း
မော်လူး ၊ စက်တင်ဘာ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ
တိုက်နယ်ပြည်သူ့ဆေးရုံသို့ E.C.G စက်နှင့် ဆက်စပ် ပစ္စည်းများကို စက်တင်ဘာ
၁၁ ရက်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုက်နယ်ဆေးရုံသို့ E.C.G စက်နှင့် ဆက်စပ်ပစ္စည်းများကို
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဂွေ့ကြီးအုပ်စု၊
ဂွေ့ကြီးကျေးရွာမှ နှစ်ဖက်မိဘများအား အမှူးထား၍ ဦးမောင်စိုး+ ဒေါ်ဋ္ဌေးဋ္ဌေး၊
ဦးမင်းဇော် + ဒေါ်ခင်ထားမြင့် မိသားစုတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အလှူရှင်များက အလှူပစ္စည်းများအား ပေးအပ်လှူဒါန်းရာ
မော်လူးတိုက်နယ်ပြည့်သူဆေးရုံ ဆရာဝန် ဒေါက်တာ ဇော်လင်း၊ ဆရာမကြီး
ဒေါ်ခင်မာချိုနှင့် ဆေးရုံကြီးကြပ်မှု ကော်မတီမှ လက်ခံရယူခဲ့သည်။ အဆိုပါ
E.C.G စက်နှင့် ဆက်စပ်ပစ္စည်းများ၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁၈
သိန်းခန့်ဖြစ်ကြောင်း သိရသည်။






လောင်းကစားကင်းမဲ့ဇုန် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူ
အင်းတော်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီ အချိန်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် လောင်းကစားကင်းမဲ့ဇုန် မြေစိုက် ပိုစတာဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုစတာဆိုင်းဘုတ် စိုက်ထူပွဲသို့ မံဟဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ နန့်စီးအောင်(ပေကုန်း) ရဲကင်းမှူး ရဲအုပ် မောင်မောင်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြေပလ္လင်ကျေးရွာ၊ မံဟဲကျေးရွာ၊ ပေကုန်းကျေးရွာ၊ မလူးကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာလုံခြုံရေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသ အရံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။အခမ်းအနားတွင် ရဲကင်းမှူး ရဲအုပ် မောင်မောင်လွင်မှ တက်ရောက်လာသူများအား ပြောကြားရာတွင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လောင်းကစား ပပျောက်ရေးကို အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အခြေခံတောင်သူလယ်သမားများ လောင်းကစားမှု ကင်းမဲ့မှသာလျှင် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး ခိုး ဆိုး တိုက်ခိုက်မှုများလည်း ပပျောက်လာနိုင်မည်ဖြစ်ကြောင်း၊ လောင်းကစားပပျောက်ရေးကို ဆောင်ရွက်သကဲ့သို့ မူးယစ်ဆေးဝါးပပျောက်ရေးကိုလည်း အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုအထောက်အကူပြု ကော်မတီဝင်များ ၀ိုင်းဝန်းကူညီပံ့ပိုးလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊လောင်းကစားမှုများကို ပပျောက်အောင် ဆောင်ရွက်နိုင်မှသာလျှင် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုများကို အမှန်တကယ်လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း  အသိပညာပေးဟောပြောပြီး လောင်းကစားကင်းမဲ့ဇုန် မြေစိုက်ပိုစတာ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရသည်။


Mawlumedia

No comments:

Post a Comment