Sunday, November 3, 2013

မိုးနှောင်းကောင်း၍ နှမ်းစိုက်တောင်သူများ နှမ်းအထွက်တိုးရန် မျှော်လင့်



မိုးနှောင်းကောင်း၍ နှမ်းစိုက်တောင်သူများ နှမ်းအထွက်တိုးရန် မျှော်လင့်
မော်လူး၊ အောက်တိုဘာ ၃
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မိုးနှောင်းကောင်းသဖြင့် နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း၍  နှမ်းအထွက်တိုးမည်ဟု မျှော်မှန်းကာ နှမ်းစိုက်တောင်သူများ ဝမ်းပန်းတသာရှိနေကြကြောင်း သိရသည်။
မော်လူးဒေသတွင် စက်တင်ဘာလတွင် စိုက်ပျိုးခဲ့သော နှမ်းခင်းများ မိုးနှောင်းကာလတွင် ရွာသွန်းသောမိုးကြောင့် နှမ်းပင်များ အောင်မြင်ဖြစ်ထွန်းကာ ဒီဇင်ဘာလတွင် ရိတ်သိမ်းနိုင်မည် ဖြစ်သည်။ မော်လူးဒေသတွင် ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၄၃ ရွာရှိပြီး၊ လေးတန်ချောင်း၊ နမီးချောင်း၊ စီးမော်ချောင်း၊နန့်ဒရန့်ချောင်း၊ နန့်ကျဲချောင်းများမှ မိုးတွင်းကာလ ရေကြီးရေလျှံမှုကြောင့် နှုံးများ တင်ကျန်ရစ်သည့် မြေနုကျွန်းများပေါ်တွင် မိုးနှမ်းများကို အများအပြားစိုက်ပျိုးလာကြသည်။ အချို့တောင်သူများမှာ တောင်ယာခင်းများ၊ တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ နှမ်းများကို အဓိကထား စိုက်ပျိုးလာကြသည်။ နှမ်းတစ်တင်းလျှင် ပေါက်ဈေးမှာ အနိမ့်ဆုံး ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိကြောင်း၊ ငွေကြိုပေးအဖြစ် နှမ်းပေါက်ဈေးမှာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ နှမ်းအမျိုးအစားပေါ်မူတည်၍ ဝယ်ယူကြောင်း၊ ယခင်က ဒေသထွက် နှမ်းများကို မြစ်ကြီးနားမှ တဆင့် တရုတ်ပြည် လိုင်ဇာအထိ ပို့ဆောင်သဖြင့် နှမ်းတစ်တင်းလျှင် ကျပ် ၂၅၀၀၀ ခန့်အထိ ရောင်းချရကြောင်း၊ ယခုအခါ ကချင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ နှမ်းနှင့် အခြားဒေသထွက် သီးနှံများ ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရှိပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာပါက နှမ်းဈေးသာမက အခြားဒေသထွက်ကုန်များ၏ ဈေးနှုန်းများပါ ပြန်လည်ကောင်းမွန်လာပြီး ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နှမ်းပေါက်ဈေးမှာ လျှော့နည်းသော်လည်း မိုးနှောင်းကောင်းသဖြင့် နှမ်းအထွက်တိုးမည်ဟု မျှော်လင့်ပြီး နှမ်းစိုက်တောင်သူများ ဝမ်းသာနေကြကြောင်း၊ ယခင်နှစ်များက နှမ်းတစ်ဧကလျှင် ၂၀တင်း ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် နှမ်းတစ်ဧကလျှင် ၃၀တင်း ခန့်အထိ ထွက်ရှိရန်မျှော်လင့်နေကြကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

CYCLONE

No comments:

Post a Comment