Thursday, May 21, 2015

မော်လူးမှ ထူးချွန်ကျောင်းသား/သူတစ်ဦးအတွက် မန်းလေးဂဇက်မှ အစီအစဉ်



မော်လူးသူားများ အားလုံးမင်္ဂလာပါ ကျနော်တို့ mawlunews group မှ admin တစ်ဦးဖြစ်သူ၏ သတင်းပေးပို့မှုအရ ဤစာစုကို ရေးသားရခြင်းဖြစ်ပါသည်။ mawlunews group တွင် စာများရေးသားတင်ဆက်နေသည့် k.t.w.l သည် mawlunews group တွင်သာမက mandalaygazette.com တွင်လည်း စာများရေးသားနေသူ တစ်ဦးဖြစ်သည်။ ယင်းဝဘ်ဆိုဒ်ကြီးတွင် စာများရေးသားရင်းဖြင့် ဒေသတွင်း မူလတန်းကျောင်းလေးများသို့လည်း စာရေးကိရိယာများလှူဒါန်းခြင်း အပြီးမသတ်နိုင်သေးသည့် စာသင်ဆောင်များပြီးမြောက်အောင်မြင်နိုင်စေရန် online မှ အလှူရှင်များရှာဖွေ ချိတ်ဆက်ပြီး အပြီးသတ်နိုင်အောင် ဆောင်ရွက်ပေးခြင်း (ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း| မူလခေါင်တုန့်စည်ကျေးရွာ မူလတန်းကျောင်း| ဖားပန်ကျေးရွာ မူလတန်းကျောင်း)နှင့် ဥသျှစ်ကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် မတည်အလှူရှင် ရှာဖွေပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ပေးနိုင်ခဲ့ရာတွင်  မူလခေါင်တုန့်စည်ကျေးရွာ စာသင်ဆောင် ပြီးမြောက်အောင်မြင်စေရန်နှင့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် မူလတန်းကျောင်း ၁၀ ကျောင်းသို့ စာရေးကိရိယာများ လှူဒါန်းနိုင်ရေးတို့အတွက် mandalaygazette.com မှ အဖွဲ့ဝင်များမှ အဓိက ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။ ထို mandalaygazette.com မှ အဖွဲ့ဝင်များသည် ကျွန်တော်တို့ဒေသ မော်လူးဆိုသည့်နေရာကို ရောက်ဖူးသူမရှိသလို ယင်းတို့၏ ဆွေမျိုးမိသင်္ဂဟများလည်း မရှိကြပါ။ သို့သော်သူတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သည့်အကူအညီကို စေတနာဖြူစင်စွာဖြင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယင်းတို့၏ လှူဒါန်းမှုများကို k.t.w.l နှင့် မော်လူးဒေသမှ One Candle စေတနာရှင်လူငယ်များအဖွဲ့ သွားရောက်ပြီး ပို့ဆောင်လှူဒါန်းပေးခဲ့သလို လှူဒါန်းမှုမှတ်တမ်းများကို ဓာတ်ပုံများ အလှူခရီးစဉ်မှတ်တမ်းများဖြင့် mandalaygazette.com တွင် ပြန်လည်ဖော်ပြမျှဝေပေးသကဲ့သို့ ရှေ့ဆောင် ဗီဒီယိုမှ ကူညီမှတ်တမ်းတင်ပေးသည့် အလှူခရီးစဉ် မှတ်တမ်း DVD ခွေများကိုလည်း အလှူရှင်များ၏ လက်ဝယ်သို့ရောက်ရှိအောင် ပေးပို့ပေးခဲ့ပါသည်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်များကြောင့် mandalaygazette.com တွင် စာရေးစာဖတ်ပြုလုပ်နေကြသည့်အဖွဲ့ဝင်များသည် မော်လူးဒေသအား ပိုမိုစိတ်ဝင်စားကာ ယခုနှစ်အတွက် လှူဒါန်းမှုတစ်ခုကို ပြုလုပ်လိုသည်ဟု k.t.w.lထံသို့ကမ်းလှမ်းလာကြောင်း သိရှိရပါသည်။ mandalaygazette.com ဆိုသည့် ဝဘ်ဆိုဒ်အား တည်ထောင်ထားသူမှာ အမေရိကားတွင်နေထိုင်သည့် မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ယင်းဝဘ်ဆိုဒ်မှ သတင်း ဆောင်းပါး အစရှိသည်များကို အမေရိကားတွင် နှစ်လတစ်ကြိမ် သတင်းစာအဖြစ် ပုံနှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေလျှက်ရှိသည်ဟုလည်း သိရပါသည်။ ယင်းဝဘ်ဆိုင်ကို တည်ထောင်သူကိုယ်တိုင် မတည်လှူဒါန်းကာ အဖွဲ့ဝင်များ စုပေါင်းထည့်ဝင်သည့် အလှူငွေဖြင့် မော်လူးဒေသမှ ၂၀၁၄/၁၅ ခုနှစ် ပညာသင်နှစ်တွင် မော်လူး စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုပြီး အမှတ်အများဆုံး ရှိသည့် ကျောင်းသား/သူတစ်ဦးကို ရွေးချယ် ဆုချီးမြင့်လိုကြောင်းနှင့် ထိုမျှမကပဲ ဆက်လက်ထောက်ပံ့ချီးမြင့်ရန် အကောင်းဆုံးအခြေအနေရှိပါက အမေရိကားတွင် ပညာသင်အဖြစ် ခေါ်ယူရန် အစီအစဉ်များကိုလည်း ချမှတ်လိုကြောင်းများကို k.t.w.l ထံသို့ အကြောင်းကြားလာကြောင်း သိရှိရပါသည်။ ထိုအစီအစဉ်၏ ပထမဆုံး အဆင့်အဖြစ် မော်လူးဒေသမှ အမှတ်အများဆုံးဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင့်သည့် ကျောင်းသား/သူတစ်ဦးကို ဆုချီးမြင့်မည်ဖြစ်ပါသည်။ သို့ပါ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်ပြီးပါက အမှတ်အများဆုံးကျောင်းသား/သူ ၏ အမည် မိဘအမည် အလုပ်အကိုင် နေရပ်လိပ်စာများကို ကျနော်တို့ mawlunews group မှ သိရှိလိုပါသည်။ သို့ပါ၍ ကူညီနိုင်သူများ ကူညီပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ချီးမြင့်မည့် ဆုငွေ နည်းခြင်းများခြင်းများက အဓိကမဟုတ်ပဲ ကြိုးစားသူများအတွက် အခွင့်အလမ်းများစွာရှိနေသည်။ ကူညီလိုသူများရှိနေသည်ဆိုသည်ကို ကျနော်တို့ဒေသခံများ သိစေလိုခြင်း ထိုထူးချွန်ကျောင်းသား/သူကို အားကျအတုယူကာ ကြိုးစားသည့် လူငယ်များပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်သကဲ့ သို့ အင်တာနက်ကို အကျိုးကျိုးရှိရှိ အသုံးချတတ်ပါက ရပ်အကျိုးရွာအကျိုး ဒေသအကျိုးတို့ကို အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်နိုင်ကြောင်းတို့ကို သိရှိစေလိုခြင်း ဖြစ်ပါသည်။
ကျနော်တို့၏ မေတ္တာရပ်ခံချက်ကို တတ်နိုင်သူများ ဝိုင်းဝန်း ကူညီ ပေးကြစေလိုပါသည်။ ကူညီပေးလိုသူများ mawluuvillagers@gmail.com သို့ ဆက်သွယ်ပေးကြစေလိုပါသည်။

No comments:

Post a Comment