Friday, October 28, 2016

မိုင်းလားဒေသနောက်ဆုံး အခြေအနေ (၂၈-၁၀-၂၀၁၆ မနက် ၉ နာရီ) ---- ----- -----


မိုင်းလားဒေသနောက်ဆုံး အခြေအနေ (၂၈-၁၀-၂၀၁၆ မနက် ၉ နာရီ)
---- ----- -----

မိုင်းလားဒေသ ကျိုင်းတုံဘက်အထွက် ကားလမ်းဖြတ်သန်းရာ ရင်ကွဲတောင်၏ ဘယ်ညာတွင်ရှိသည့် အမြင့်ပေ ၄၀၀၀ နှင့် အမြင့်ပေ ၅၀၀၀ ဝန်းကျင် တွင်ရှိသည့် လွယ်ကျူဆိုင်းနှင့် လွယ်ဆမ်ဆုမ် ( တောင်သုံးလုံး ) တွင် စက်တင်ဘာ လကုန်မှ စတင်၍ တပ်စွဲထားသော UWSA တပ်များ ဆုတ်ခွာခြင်းမရှိသေးဘဲ ဆက်လက် တပ်စွဲထားဆဲဖြစ်သည်။

“ကျိုင်းတုံအထွက် တာပင်းတစ်ဝိုက်တွင်လည်း တပ်မတော်မှ တပ်အင်အား လက်နက်ကြီးအင်အား သံချပ်ကာကား၊ တင့်ကားများ ဖြည့်တင်းထားလျက် ရှိသည်” ဟု မြေပြင်သတင်းများက ဆိုပါသည်။ ထို့ပြင် မိုင်းလာသိုသွားသည့် တာပင်းဂိတ်အားလည်း အချိန်အကန့်အသတ်မရှိ အစိုးရအာဏာပိုင်များက ပိတ်ပင်ထားသည်ဟု သိရသည်။

ပြီးခဲ့သော ၂ ရက်ခန့်က “ဝ” နယ် ပန်ဆန်းဌာနချုပ်တွင် UWSA မှ ဒုဥက္ကဋ္ဌ ရှောက်မြီလျံနှင့် NDAA မှ ဒုစစ်ဦးစီးချုပ် လော်ချန်းပေါင်း တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု UWSA က သတင်းထုတ်ပြန်ပါသည်။ လက်ရှိအခြေအနေတွင် မိုင်းလားဒေသတွင်း ပဋိပက္ခ ပိုဆိုးလာခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းနေသည်ဟု သိရသည်။

လက်ရှိ တာပင်းတစ်ဝိုက်တွင် တပ်မတော်က စစ်အင်အား ဖြည့်တင်း ထားပေရာ UWSA တပ်ဖွဲ့များ အလွယ်တကူ ပြန်ဆုတ်သွားဖွယ်ရာမရှိဟု သုံးသပ်ရပေသည်။ တပ်မတော်အနေနှင့်လည်း NDAA နှင့် UWSA ကြား လက်နက်ကိုင် ပဋိပက္ခအဆင့်ထိ ဖြစ်ပွားခဲ့ပါက စစ်ရေးအရ ဝင်ရောက်ပါဝင်ဖွယ်ရာ ရှိသော်လည်း UWSA နှင့် NDAA လက်နက်ကိုင် ပဋိပက္ခအဆင့်သို့ မရောက်ပါက ဝင်ရောက်ပါဝင်ဖွယ် မရှိဟု သုံးသပ်ရပါ သည်။ UWSA နှင့် NDAA သည်လည်း လက်နက်ကိုင်ပဋိပက္ခ အဆင့် မရောက် ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းနိုင်ရန် ကြိုးစား ဆောင်ရွက်နေကြပုံ ရသည်ဟု ဆိုရပါမည်။

လက်ရှိဖြစ်ပွားနေသော ၃ ပွင့်ဆိုင်ပြသ၁နာသည် အဆုတ်ခက် အတက်ခက်ကာ ချက်ချင်းဖြေရှင်းရန် ခက်ခဲနေပြီး အချိန်လိုအပ်နေသည်။ လက်ရှိအခြေအနေသည် အမှားမခံသည့် အခြေအနေ ဖြစ်နေသည်ဟု ဆိုရပေမည်။ တစ်ဖက်နှင့်တစ်ဖက် နားလည်မှုမလွဲအောင် ဂရုစိုက်နိုင်မှသာ စစ်မီးမပွားအောင် တားဆီးနိုင်ပေလိမ့်မည်။

မှတ်ချက်။ ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့နံနက်တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီး ထွက်သွားသည်ဟု သိရပါသည်။
Mg Mg Soe ( ဦးမောင်မောင်စိုး ) ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြသည်။ (ဦးမောင်မောင်စိုးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်က အရှေ့မြောက်ဒေသတွင် လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးနှင့် တရုတ် မြန်မာ ဆက်ဆံရေး ဆောင်းပါးများ ရေး သားနေသူဖြစ်ကာ မိုင်းလား NDAA အဖွဲ့မှ နည်းစနစ်ပိုင်း အကြံပေးအဖြစ် ၂၁ ပင်လုံကို တက်ရောက်ခဲ့သူဖြစ်သည် ) 

The Ladies News

No comments:

Post a Comment