Monday, June 9, 2014

မော်လူး သတင်းများ


မော်လူးစည်ပင်သာယာဈေးအတွင်း ဆိုင်ခန်းများ လုံခြုံမှုရှိစေရန် မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူနှင့် ဈေးသူဈေးသားများ ညှိုနှိုင်းဆွေးနွေး
မော်လူး၊ ဇွန် ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးစံပြကျေးရွာ၊ စည်ပင်သာယာဈေးအတွင်း ဆိုင်းခန်းများ လုံခြုံမှုရှိစေရန် မြို့နယ် စည်ပင်သာယာ တာဝန်ရှိသူနှင့် ဈေးသူဈေးသားများ ဇွန် ၇ ရက် နံနက် ၁၀ နာရီ အချိန်က စည်ပင်သာယာဈေးအတွင်း၌ ညှိုနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းညှိုနှိုင်းဆွေးနွေးခြင်းကို အင်းတော်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌကိုယ်စား အင်းတော်မြို့နယ် စည်ပင်သာယာ ဈေးခေါင်း  ဦးကံမောင်၊ မော်လူး စည်ပင်သာယာ ဈေးခေါင်း ဦးအောင်ကြူးတို့နှင့်အတူ ဈေးသူဈေးသားများ တက်ရောက်ကြသည်။ မော်လူး ဈေးအတွင်း မိမိတို့ဆိုင်ခန်းများ လုံခြုံမှုရှိစေရန် ဈေးခြံစည်းရိုးပေါက်ပြဲနေသည့် နေရာများ ပြုပြင်ရန်၊ ဈေးအဝင်အထွက် တံခါးများကိုပြုပြင်ခြင်း ဆိုင်ခန်းတိုင်းတွင် မီးအန္တရာယ် ကင်းရှင်းစေရန် မီးသတ်ဆေးဘူးများ ထားရှိစေရန် ဈေးပတ်လည် လုံခြုံမှုရှိစေရန် လျှပ်စစ်မီးများ တပ်ဆင်ထားရှိစေရန် မြို့နယ် စည်ပင်သာယာ ကော်မတီများ၊ စည်ပင်သာယာရေး တာဝန်ရှိသူများက  ရှင်းလင်းပြောကြားပြီး မော်လူးဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများက ဆက်လက် တာဝန်ယူဆောင်ရွက်ရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဆက်လက်၍ ဈေးအတွင်း မှတ်ပုံတင်ရှိသည့် ဈေးဆိုင်ခန်းပေါင်း ၂၃ ခန်းအား လုံခြုံမှုရှိစေရန် အကာအရံများဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဈေူးသူဈေးသားများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် အမှိုက်များကို နေ့စဉ်ရှင်းလင်းပေးရေး၊ ဈေးဆိုင်ခန်းများရှိ ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့ ဆောင်ရွက်ပေးရန် သန့်ရှင်းရေး ညစောင့်များ အမြဲတစေ ဆောင်ရွက်နိုင်စေရန်တို့ကို ဈေးသူဈေးသားများမှ တာဝန်ရှိသူများအား ပြောကြားကြောင်း သတင်းရရှိသည်။



နိုင်ငံသားစီစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
မော်လူး၊ ဇွန် ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်ကျေးရွာအုပ်စု၊ စီးမော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၉ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစီစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးမှူး ဦးအောင်သူ၊ လက်ထောက် လဝက ဦးစီး ဦးတင့်ဆွေဦးနှင့် အဖွဲ့၊ စီးမော်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးငှာနမှ စာရေးအဆင့်(၁) ဦးဝင်းဇော်ထွန်းတို့မှ လာရောက်ပြီး  နိုင်ငံသား စီစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်ကြသည့် ဒေသခံ ၁၅၀ ဦးကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို့အဖွဲ့ဟာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ နိုင်ငံသားစီစစ်ရေး ကတ်ပြား တစ်ခါမှ မပြုလုပ်ရသေးသူများ၊ ပျောက်ပျက်သွားသူများ အစရှိတဲ့ ဒေသခံပြည်သူတွေ အဆင်ပြေအောင် ကွင်းဆင်းပြီး နေချင်းပြီး ဆောင်ရွက်ပေးတာပါ"ဟု  တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

တစ်နိုင်တစ်ပိုင် ထုံးဖုတ်သည့် လုပ်ငန်းဖြင့် မိသားစုဝင်ငွေရှာ
မော်လူး၊ ဇွန် ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ထုံးကျောက်များထွက်ရှိရာ ထုံးတောင်မှ ထုံးကျောက်များဖြင့် တစ်နိုင်တစ်ပိုင် ထုံးဖုတ်သည့် လုပ်ငန်းဖြင့် ဒေသခံများ မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေနေကြကြောင်း သိရသည်။

"ကျနော်တို့ ရွာကနေ သုံးမိုင်လောက်ဝေးကွာတဲ့ ထုံးတောင်မှ ထုံးကျောက်တုံးကြီးတွေကို  ၁ ပေ ဒါမှမဟုတ် ၆ လက်မ ပတ်လည် ကျောက်တုံးလေးတွေဖြစ်အောင် ထုခွဲပြီး ပုဏ္ဏအိုးပုံ အကျယ် ၇ တောင်၊ အမြင့် ၈ တောင် စီပြီး အထက်ကို တက်ရပါတယ်။ ကျောက်တွေကို စီပြီးပြီဆိုရင် ထင်း တစ်တောင်ပိုင်း၊ နှစ်တောင်ပိုင်းတွေနဲ့ ထုံးဖြစ်အောင်လာအောင် ၆ ရက်အထိ နေ့ရောညပါ  အဆက်မပြတ် မီးထိုးရပါတယ်။ ဖိုကထွက်လာတဲ့ ထုံးကျောက်တုံးတွေကို အိမ်ကို ကားကြီးကားငယ်တွေနဲ့ သယ်ဆောင်လာကာ ပုံပြီး ရေပက်ဖျန်းပေးပါက ထုံးအမှုန့်တွေရလာတာပါ။  ကျနော်တို့ ဖုတ်တဲ့ ထုံးဖို တစ်ဖိုကို တစ်တင်းခွဲအိတ် ၁၀၀၀ မှ ၁၂၀၀ အိတ်အထိ ရပါတယ်။ ထုံးတစ်အိတ်ကို ရောင်းဈေး ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရောင်းရပါတယ်။ ထုံးတွေကို အိတ်ထဲထည့်တဲ့ အလုပ်ကိုတော့ မိသားစုဝင်တွေ မလုပ်နိုင်လို့ အလုပ်သမားငှားရင် တစ်အိတ်ကို ၆၀ ကျပ်ပေးရပြီး၊ ထုံးတစ်ဖိုကို နံနက် ၆နာရီမှ ညနေ ငါးနာရီအထိ ၄ ရက်လောက် လုပ်ရလို့ အလုပ်သမားတွေလည်း နေ့ထွက်ကိုက်ကြပါတယ်။  ကျနော်တို့ဆီက ထွက်တဲ့ ထုံးတွေကို ကချင်ပြည်နယ် မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်း၊ မြစ်ကြီးနားမြို့ အစရှိတဲ့ မြို့တွေဆီကို မီးရထား၊ကားတွေနဲ့ ပို့ဆောင်ပေးပြီး သူတို့ဆီမှာတော့ စက်နဲ့ ပြန်ကြိတ်ပြီး စက်ကြိတ်ထုံးဆိုပြီး တစ်အိတ်ကို ၃၀၀၀  ကျပ် အနည်းဆုံးရောင်းဈေးရှိပါတယ်"ဟု မော်လူးဒေသ၊ ပဲခူးကျေးရွာမှ ထုံးဖုတ်သူတစ်ဦးမှ ပြောပြသည်။

 
 

No comments:

Post a Comment