Monday, September 23, 2013

မော်လူးတွင် ရွေ့လျား စာကြည့်တိုက် အစီအစဉ်စတင်



မော်လူးတွင် ရွေ့လျား စာကြည့်တိုက် အစီအစဉ်စတင်
မော်လူး ၊ စက်တင်ဘာ ၂၃

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ စက်တင်ဘာ ၂၃ ရက်နေ့က ကျေးရွာလေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကျေးလက်ဒေသရှိ ပြည်သူများ စာဖတ်သူများပြားလာစေဖို့ ရည်ရွယ်ပါတယ်။ စာဖတ်သူဦးရေများလာရင် ကျွန်တော်တို့နိုင်ငံကြီး တိုးတက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး… အခုအစီအစဉ်လေးက ကျွန်တော်တို့အဖွဲ့ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်လေးနဲ့ စလိုက်တာပါ။ လောလောဆယ်ဆယ်အနေနဲ့ ဂျာနယ်၊ ဓမ္မဗျူဟာ၊ မြတ်မင်္ဂလာစတဲ့ စာအုပ်စာစောင်လေးတွေကို ကျေးရွာတွေဆီ ပို့ထားပေးပါတယ်။ တစ်ပတ်တစ်ခါ ပို့ထားတဲ့ စာစောင်တွေ စာအုပ်တွေကို လဲလှယ်ပေးပါမယ်။ စာစောင်၊စာအုပ်တွေကို ထပ်တိုးချင်ပေမယ့် ရံပုံငွေ အင်အားမရှိလို့ တတ်နိုင်သလောက်လေးနဲ့ စလိုက်တာပါ။ အလှူရှင်တွေပေါ်လာရင် ဒါမှမဟုတ် ကျွန်တော်တို့အဖွဲ့ ရံပုံငွေရှိလာရင် ရသ၊ သုတ စတဲ့ စာအုပ်တွေကို တိုးချဲ့ချပေးသွားမှာပါ။ အခု သက်ရင်းတာရွာ၊ နန့်ရုံရွာ၊ ရွာရှည်ရွာ၊ မလူးရွာတွေမှာ ဂျာနယ်စာစောင်တွေကို ပို့ပေးထားပါပြီ။ ဆက်ပြီး တစ်ခြားရွာတွေကို ဖြန့်ဝေသွားချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်လေးကို စိတ်ပါဝင်စားရင် ပါဝင်လှူဒါန်းပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်..။"ဟု ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို စတင်ခဲ့သည့် One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ ကိုမျိုးဝင်းထွန်းမှ ပြောပြသည်။
"ရွေ့လျားစာကြည့်တိုက်လေးကို စတင်အကောင်အထည်ဖော်တာ ကောင်းပါတယ်။ စထားပြီဆိုတော့ ဒီထက်မကအောင်မြင်အောင် လုပ်ဖို့လိုပါတယ်။ ကျေးလက်နေပြည်သူတွေ စာဖတ်ပြီး အသိဥာဏ်တွေတိုးလာပြီး အမှားအမှန်ဆင်ခြင်နိုင်လာရင် မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ လျော့နည်းသွားတာပေါ့။ အမှန်က ကျေးရွာတိုင်းမှာ ရှိတဲ့ စာကြည့်တိုက်တွေကို ပိတ်မထားပဲ ဖွင့်လှစ်ထားနိုင်ရင် ပိုကောင်းတာပေါ့။ " ဟု ဒေသခံ ဆရာတော်တစ်ပါးမှ မိန့်ကြားခဲ့သည်။
One Candle စေတနာရှင်လူငယ်များ အဖွဲ့သည် မော်လူးဒေသတွင်း မူလတန်းကျောင်းလေးများသို့ စာရေးကိရိယာများလှူဒါန်းခြင်း၊ အပြီးမသတ်နိုင်သေးသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းစာသင်ဆောင်လေးများကို အပြီးသတ်နိုင်စေရန် အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်းများ ပြုလုပ်နေသည့် ပရဟိတအဖွဲ့လေးတစ်ဖွဲ့ဖြစ်သည်။ ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို စိတ်ပါဝင်းစားပြီး စာအုပ်များ၊ ရံပုံငွေများကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်လှူဒါန်းလိုသူများသည် ကိုမျိုးဝင်းထွန်း၊ ရပ်ကွက်(၇)၊ မော်လူး(ဖုန်း - 07565286)နှင့် ကိုထွန်းဝင်းလတ်၊ အုန်းဒုတ်ရပ်၊ မော်လူး(ဖုန်း - 09444032990) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment