Wednesday, February 11, 2015

ကွင်းငို့ကျေးရွာသို့ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများပေးအပ်



ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဖေဖော်ဝါရီ ၁၁ ရက် နေ့လည် ၁ နာရီက ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသောင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်မှ ပြည်ထောင်သုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားပြီး၊ ကသာခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာမှ ကျေးရွာသူ/သားများအား ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ ကွင်းငို့ကျေးရွာသည် မော်လူးမှ ၁၂ မိုင်ခန့် ကွာဝေးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ၂၄ နာရီလျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၁၀ ရှိကြောင်း၊ အိမ်ခြေအားလုံးကို ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။ ယင်းကွင်းငို့ကျေးရွာ မီးလင်းရေးအတွက် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ကျပ် ၂၂၀ သိန်းဖြင့် လင်းရာမကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွင်းငို့ကျေးရွာမှ ရပ်မိရပ်ဖ ဦးစိန်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆိုလာပြားပေးအပ်ပွဲအခမ်းအနား နေ့လည် ၂ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment